၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်း၊ ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါများ ခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို၍ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေး တာဝန်ယူ၍ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် နေပြည်တော် Park Royal Hotel ၌ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေး စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတော်အစိုးရအဖွဲ့အသစ်အနေဖြင့် နိုင်ငံတော် ၏ စာမျက်နှာသစ် စတင်ဖွင့်လှစ်သည့် အခါသမယတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူး လိုအပ်နေသော ရေနံစိမ်းတိုးမြှင့်ထုတ်လုပ်နိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းသည် လွန်စွာ ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ရေနံစိမ်းများတိုးမြှင့်ထွက်ရှိလာပါက နိုင်ငံတော်အတွက် လိုအပ်သည့် စက်သုံးဆီများတိုးမြှင့်ချက်လုပ်လာနိုင်မှာ ဖြစ်သည့်အတွက် ပြည်သူများအတွက် ချက်ခြင်းလက်ငင်း အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊
မြန်မာ့ရေနံမြေများ၏ သက်တမ်းသည် နှစ်ပေါင်းတစ်ရာဝန်းကျင်ရှိနေသည့် သက်တမ်းရင့် ရေနံမြေများဖြစ်ပါကြောင်း၊ ယနေ့ စာချုပ်ချုပ်ဆိုသည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်းနှစ် ၅၀ခန့်ရှိပြီဖြစ်ရာ အထွက်တိုးလာစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု ရမည်ဖြစ်သည်နှင့်အညီ မှန်ကန်သည့် နည်းပညာရွေးချယ်အသုံးပြုနိုင်မှု၊ သင့်လျော်သည့် စက်ပစ္စည်း ကိရိယာ ရွေးချယ်အသုံးပြုနိုင်မှု၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအနှီးစိုက်ထုတ်နိုင် မှု၊ အတွေ့အကြုံရှိမှု စသည့်လိုအပ်ချက်များကို ဟန်ချက်ညီဖြည့်ဆည်းနိုင်ရန် လိုအပ်သည်ဖြစ်ရာ ယင်းအခြေခံလိုအပ်ချက်များကို စိစစ်ပြီး အသင့်လျော်ဆုံးဖြစ်သည့် အဖွဲ့အစည်းအားရွေးချယ်၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း၊
ထို့အပြင် ပြည်တွင်းရေနံစိမ်းလိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်လာ တတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများမှ ကာကွယ်စေရန် ရည်ရွယ်ချက်များဖြင့် ရေနံလက်ယက်တွင်းများ တူးဖော်နေခြင်းကို ပိတ်သိမ်းစေပြီး ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း (၃၆)ခုအား နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ်လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ မကြာမီအချိန်အတွင်း စတင်ဆောင်ရွက်နိုင်မှာ ဖြစ်သည့်အတွက် ရေနံစိမ်းများ တိုးတက်ထွက်ရှိလာ မှာဖြစ်ပါကြောင်း၊
နိုင်ငံတော်အနေဖြင့် စက်သုံးဆီသုံးစွဲမှု ၉၇% ကို ဝယ်ယူတင်သွင်းနေရသည်ဖြစ်ရာ ယခုကဲ့သို့ ကမ္ဘာတစ်ဝှမ်းစက်သုံးဆီအခက်အခဲများဖြစ်ပေါ်လာချိန်တွင် မိမိတို့ပြည်သူများအနေဖြင့် လွန်စွာ ခက်ခဲသည့်အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းအခက်အခဲများမှ လွတ်မြောက် နိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတူးဖော်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် ရေနံစိမ်းများကိုလည်း ကိုယ်တိုင်ချက်လုပ်နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ရေနံချက်စက်ရုံအသစ်များထပ်မံ ထွက်ပေါ်လာစေရေးအတွက် စီမံဆောင်ရွက်နေပြီး ၁၉၈၂ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့ သည့် သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်ခြင်း၊ စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြု ပြင်မွမ်းမံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
North Petro-Chem Corporation (Myanmar)Limited ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီး စာချုပ်ပါကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။