၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏စီးပွားရေးကဏ္ဍ တွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာစီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရေတို/ရေရှည် အစီအမံများချမှတ်ပြီး ဆောင်ရွက် လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့သွားရောက်ကြည့်ရှုအားပေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေနံတွင်းများမှ အလွှာလိုက်ဖြစ်နေသော သဘာဝ ဓာတ်ငွေ့ခိုအောင်းနေသည့် သဲကြောများအားသုတေသနပြု ဆန်းစစ်ပြီးဖောက်ယူခဲ့ရာ လေဆီနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ဆောင်ကြရန်လိုပါကြောင်း၊ ကုန်းတွင်း ရေနံမြေများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖောက်ယူရာမှ တစ်ရက်လျင် သဘာဝဓာတ်ငွေ့ကုဗပေ ၁.၆ သန်းနှင့် လေဆီ ၈ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ဖောက်ယူရာမှ တစ်ရက်လျင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁.၅ သန်းနှင့် လေဆီ ၇ စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၁၆ အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ဖောက်ယူရာမှ တစ်ရက်လျင် သဘာဝဓာတ်ငွေ့ကုဗပေ ၁.၆ သန်းနှင့် လေဆီ ၈ စည်ကို လည်းကောင်း အသီးသီးတိုးတက် ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်းရေနံမြေများအနက် မအူပင်(တောင်)ဒေသမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း) ၊ C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည်(LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ပါကြောင်း၊ မီးဖိုချောင်သုံးရေနံ ဓာတ်ငွေ့ရည်(LPG) နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့် အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။
လက်ရှိတိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်း ဒေသရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှုကဏ္ဍတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင် မည်ဖြစ်ရာ လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက် လျော့နည်းသက်သာစေမည်ဖြစ်ပါသည်။ ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှုအနေဖြင့် ဆိုက်စမစ်တိုင်းတာမှုများ ဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများ တူးဖော်နိုင်ရေးကိုလည်း စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
စွမ်းအင်ဝန်ကြီးဌာန