News

Home News detail

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

23rd Dec 2025

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့်ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်

 

          စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကာတာနိုင်ငံ ဒုတိယဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed Al Attiya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံ့သာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ Dr. Khalid Bin Mohammed Al Attiya က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့် ဆောက်ရွက်လိုမှုနှင့် အထူးသဖြင့် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများ အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လိုသည့်ကိစ္စများ၊  မြန်မာ-ကာတာနှစ်နိုင်ငံအကြား စွမ်းအင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊  ကမ်းလွန်လုပ်ကွက် M-10 (မင်းရဲသူ စီမံကိန်း)နှင့် ရဲတံခွန်စီမံကိန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို စတင်ဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဟောင်းဖြစ်သူ Dr. Khalid Bin Mohammed Al Attiya နှင့် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ပိုမို၍ ရင်းနှီးနွေးထွေးလာသည်ဟု ခံစား မိပါကြောင်း၊ ကမ်းလွန်လုပ်ကွက် M-10 (မင်းရဲသူစီမံကိန်း)နှင့် ရဲတံခွန်စီမံကိန်းတို့တွင် ရင်းနှီး မြှုပ်နှံမှုကိစ္စရပ်များအား ဆောင်ရွက်လိုခြင်းကို ကြိုဆိုပါကြောင်း၊ ရဲတံခွန်ကမ်းလွန်စီမံကိန်းတွင် အထွက်နှုန်းများ ကျဆင်းနေသည့်အတွက် အထွက်နှုန်းများတိုးမြင့်စေရန် အထွက်တိုးရေး စီမံကိန်းများ  ဆောင်ရွက်ရန်လိုအပ်ပါနေပါကြောင်း၊ ရဲတံခွန်လုပ်ကွက်သည် သဘာဝဓာတ်ငွေ့ အပြင် ရေနံစိမ်းအပေါ့စားပါ ထွက်ရှိသည့်အတွက် အထွက်တိုးလာမည်ဆိုပါက များစွာအကျိုးရှိ လာမည်ဖြစ်ပါကြောင်း၊ M-10 (မင်းရဲသူစီမံကိန်း)နှင့် ရဲတံခွန်စီမံကိန်းတို့သည်  နီးကပ်စွာ တည်ရှိလျက်ရှိသည့်အတွက် စီမံကိန်းအနီးရှိ အခြေခံအဆောက်အအုံများအား မျှဝေအသုံးပြု နိုင်သည့် အားသာချက်များရှိပါကြောင်း၊ အဆိုပါစီမံကိန်းများမှ ထွက်ရှိလာသည့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များအား  ပြည်တွင်းသုံးနှင့် ပြည်ပသို့တင်ပို့ရန်အတွက် ပိုက်လိုင်းများသွယ်တန်းပြီးဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် လွန်စွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ ကာတာနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် နည်းပညာနှင့် အရင်းအနှီးကြွယ်ဝပြီး အတွေ့အကြုံများစွာရှိသည့် ဦးဆောင်နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ-ကာတာနှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများမှတစ်ဆင့် အကျိုး ကျေးဇူးများစွာရှိလာမည်ဟု ယုံကြည်ပါကြောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါ သည်။ 

          အဆိုပါဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထောင်စု ဝန်ကြီးရုံး၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

Other News