စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68) အား အသုံးပြုရန်သင့်လျော်သည့်မော်တော်ယာဉ်များသို့ ရောင်းချပေးသွားမည်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၄ ရက်၊ နေပြည်တော်
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီဖြန့်ဖြူးရောင်းချနေမှု၊ သုံးစွဲမှုနှင့် ပတ်သက်ပြီး ပြည်သူများလေ့လာသိရှိနိုင်ရေးအတွက် “ပြည်သူလူထု၏သယံဇာတအား ပြည်သူ လူထုထံသို့” ဆောင်းပါး အပိုင်း (၁)အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်းကောင်း၊ အပိုင်း (၂) အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့များတွင်လည်းကောင်း နိုင်ငံပိုင် သတင်းစာ များမှတစ်ဆင့် ပြည်သူများထံသို့အသိပေး ဖော်ပြထားပြီးဖြစ်ပါသည်။ ပြည်တွင်းထုတ် ဓာတ်ဆီကို ပထမအဆင့်အနေဖြင့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၁)ဆိုင်၊ မန္တလေးတိုင်းဒေသကြီး တွင် (၂)ဆိုင်၊ စုစုပေါင်း (၃) ဆိုင်တို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့မှစတင်၍ တစ်လီတာလျှင် ကျပ် ၂,၂၀၀/- နှုန်းဖြင့် မော်တော်ဆိုင်ကယ်နှင့်သုံးဘီးယာဉ်များကိုသာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ယခုအခါ ပြည်သူများ၏တောင်းဆိုချက်အရ ဒုတိယအဆင့်အနေဖြင့် RON 68 အသုံးပြုရန်သင့်လျော်သည့် အများပြည်သူပိုင်မော်တော်ယာဉ်များနှင့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော် ယာဉ်များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ လွတ်လပ်စွာဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ပါသည်။
ပြည်တွင်းထုတ်ဓာတ်ဆီကိုသုံးစွဲခြင်းဖြင့် ပြည်ပမှစက်သုံးဆီတင်သွင်းမှုကို အထိုက် အလျောက်လျော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေခြင်း၊ အသေးစားအလတ်စား စက်မှုလုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးလွယ်ကူလာခြင်း၊ ဆီစားနှုန်းသက်သာ၍ ကြာရှည် အမောင်းခံခြင်း၊ ပြည်သူလူထုများ နေ့စဉ်ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များမှ ဈေးနှုန်းမြင့်မား စွာဖြင့် ဝယ်ယူသုံးစွဲရမည့်အစား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲလာနိုင်သည့်အတွက် ကုန်ကျ စရိတ်သက်သာပြီး မိသားစုဝင်ငွေအထိုက်အလျောက် အထောက်အပံ့ရရှိခြင်း စသည့်အကျိုးကျေးဇူး များရရှိနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။