လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ၃၀ နှစ်ပြည့် စွမ်းအင်နှင့် ဂေဟဗေဒစနစ်ဆိုင်ရာဖိုရမ်၏ စကားဝိုင်းဆွေးနွေးပွဲ Round Table Discussion သို့ တက်ရောက်ခြင်း
နေပြည်တော်၊ အောက်တိုဘာလ ၂၈ ရက်
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပသော (၃၀) နှစ်ပြည့် စွမ်းအင်နှင့် ဂေဟဗေဒ စနစ်ဆိုင်ရာဖိုရမ်သို့ တက်ရောက်လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖိုရမ်၏ စကားဝိုင်းဆွေးနွေးပွဲ Round Table Discussion သို့ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့်အတူ တက်ရောက်၍ Formula of Energy Independence: Economy, Integration, Development ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ရှုမြင်ချက်အရ စွမ်းအင်မှီခိုမှုကင်းခြင်းဆိုသည်မှာ လိုအပ် သမျှသော စွမ်းအင်ကို ပြည်တွင်း၌ တတ်နိုင်သလောက်ထုတ်လုပ်ခြင်း၊ မိတ်ဆွေနိုင်ငံများနှင့် စိတ်ချ ယုံကြည်ရသည့် စွမ်းအင်ကုန်သွယ်မှုပြုလုပ်ခြင်း၊ ပြင်ပမှ အနှောင့်အယှက်များကြောင့် စွမ်းအင်လုံခြုံမှု ကို ထိခိုက်လွယ်ခြင်းမှ လျှော့ချနိုင်ရေးနှင့်အတူ ယုံကြည်စိတ်ချရပြီး သင့်တင့်သည့်ဈေးနှုန်းဖြင့် ရေရှည်တည်တံ့သော စွမ်းအင်ထောက်ပံ့ဖြည့်ဆည်းမှုကို အာမခံနိုင်ရေးတို့ ပါဝင်ပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းလျှပ်စစ်ဓာတ်အား ကွန်ရက်ချိတ်ဆက်မှု တိုးတက်ခိုင်မာရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ လုံခြုံစိတ်ချရမှု မြှင့်တင် ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အထူးအရေးပါကြောင်း၊ မြန်မာနိုင်ငံ တွင် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် အခြားစွမ်းအင်အရင်းအမြစ် အလားအလာများစွာ ရှိပါကြောင်း၊ ယင်းအရင်းအမြစ်များကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှု၊ အဆင့်မြင့်နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် နည်းပညာကျွမ်းကျင်မှုတို့ လိုအပ်ပါကြောင်း၊ မြန်မာ–ဘယ်လာရုစ်ပူးပေါင်းဆောင်ရွက်မှုသည် စွမ်းအင်လုံခြုံမှုအတွက် အထောက်အပံ့ကောင်းများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား လျှပ်စစ်ဓာတ်အား အခြေခံအဆောက် အအုံများ၊ စက်ပစ္စည်းကိရိယာများနှင့် ပြုပြင်ထိန်းသိမ်းရေး၊ စွမ်းအင်အသုံးပြုမှုအကျိုးရှိ ထိရောက် ရေးနှင့် ကျွမ်းကျင်ပညာရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့တွင် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိသည်ဟု ယုံကြည်ပါကြောင်း၊ ဘယ်လာရုစ် နိုင်ငံအပါအဝင် တက်ရောက်လာကြသည့် နိုင်ငံများ၏ အတွေ့အကြုံများကို ဖလှယ်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို အတူတကွ ရှာဖွေဖော်ထုတ်နိုင်ရန် မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါဖိုရမ်သို့ အရှေ့ဥရောပနိုင်ငံများ၊ ဥရောပအာရှဒေသနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံ များမှ စွမ်းအင်ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်လျက်ရှိပြီး ဖိုရမ်တက်ရောက်နေစဉ် ကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် အီရန်နိုင်ငံ စွမ်းအင်ဝန်ကြီး၊ အီရတ်နိုင်ငံ စွမ်းအင်ဒုတိယ ဝန်ကြီး၊ တာတာစတန်ပြည်နယ် ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးတို့နှင့် သီးခြားစီ တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။