၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇ ) ရက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၆.၄.၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည်(LNG)၊ ရေနံဓာတ်ငွေ့ရည်(LPG)၊ ဓာတ်မြေဩဇာအပါအဝင် ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် ရုရှားနိုင်ငံစွမ်းအင်ဝန်ကြီးဌာန ၏ စီမံဆောင်ရွက်ပေးမှုဖြင့် ရုရှားနိုင်ငံအခြေစိုက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နှစ် နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံသည့် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်ရေး၊ အရည်အသွေး အာမံချက်ရရှိရေးနှင့် လမ်းခရီးလုံခြုံ စိတ်ချရမှု အာမခံချက်ရှိစေရေး၊ ရေရှည်ထောက်ပံ့ ပို့ဆောင် နိုင် ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စဉ်ဆက်မပြတ် ထိတွေ့ဆောင်ရွက်သွားနိုင်မည့် အစီအမံ များ ချမှတ်ခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှား နိုင်ငံ Inter RAO ကုမ္ပဏီနှင့် တွေ့ဆုံ၍ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်မည့်ကိစ္စ၊ ရေနံချက်စက်ရုံတည်ဆောက်မည့်ကိစ္စ၊ LNG ဆိပ်ကမ်း နှင့် စက်ရုံတည်ဆောက်မည့်ကိစ္စတို့ကို ဆွေးနွေးပြီး မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် သဘာဝ ဓာတ်ငွေ့သုံးတာဘိုင်များ၊ အင်ဂျင်များအား စွမ်းအားမြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေ များ၊ ပုံမှန်စစ်ဆေးထိန်းသိမ်းပြုပြင်သွားလိုသည့်အခြေအနေများ၊ တာဘိုင်စက်များနှင့် စပ်လျဉ်းသည့် နည်းပညာများကိုလက်တွေ့လေ့ကျင့်သင်ကြားပေးရန် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ရေနံစိမ်းကုန်ကြမ်းနှင့် ရေနံထွက်ပစ္စည်းများအား ရေရှည် အစီအမံဖြင့် ရုရှားနိုင်ငံမှ ထောက်ပံ့ပေးနိုင်ရေး သဘောတူညီမှုအပါအဝင် လျှပ်စစ်နှင့် စွမ်းအင် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်တို့အတွက် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Investment Development Fund “RC Investments” တို့အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစာချွှန်လွှာ (MEMORANDUM OF COOPERATION)ကို ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် လက်မှတ်ရေး ထိုးခဲ့ကြပါသည်။
မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ဌာနတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ နယ်ပယ်တစ်ရပ်လုံးတွင် ရင်းနှီးမြှပ်နှံမှုများ တိုး မြှင့်ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လေ့ကျင့် သင်ကြားပေးရေးတို့အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရန်အတွက် နားလည်မှုစာချွှန်လွှာ (MOU) တစ်ရပ်ကို မကြာမီအချိန်အတွင်း ရေးထိုးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။