လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ယာဉ်များအတွက် ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာလ ၂၀ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ခရီး သွားလာရာတွင် အဆင်ပြေစေရန်အတွက် “က” ကုန်စည်ယာဉ် ၁၂၇၅ စီး ၊ “ခ” ခရီးသည်တင်ယာဉ် YBS ၅၅၁၆ စီးနှင့် အခြား ၆၄၂ စီး ၊ “ဂ’’ စင်းလုံးငှား / Taxi ၁၇၉၉၁ စီး ၊ “ဃ” ကြိုပို့ယာဉ် ၁၈၄ စီး၊ “င” ကိုယ်ပိုင်စီးပွားသုံးယာဉ် ၁၁၅၉ စီး ၊ ဌာနဆိုင်ရာယာဉ် ၁၉၀ စီး ၊ စုစုပေါင်း ၂၆၉၅၇ စီးအား မော်တော် ယာဉ်သုံးသဘာဝဓာတ်ငွေ့ယာဉ်များအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးထားပြီး လိုအပ်သောဓာတ်ငွေ့များကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်မှ ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးရောင်းချ ရေး စီမံထားရှိပြီးဖြစ်ပါသည်။ ထိုသို့ဖြန့်ဖြူးရာတွင် ကားအစီးရေနှင့် အကြိမ်အရေအတွက် ကန့်သတ်မှု မရှိဘဲ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိပါသည်။
ခရီးသွားပြည်သူများ ယာဉ်စီးခသက်သာစွာ သွားလာနိုင်ရန်အတွက်လည်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ကို 1 Kg လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေး လျက်ရှိကာ လက်ရှိတွင် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်သို့ နေ့စဉ် YBS ယာဉ် ၃၃၀၀ စီးခန့်၊ Taxi ၃၁၀၀၀ စီးခန့်နှင့် အခြားယာဉ် ၁၅၀၀ စီးခန့် ၊ စုစုပေါင်းယာဉ် ၃၆၀၀၀ စီးခန့် (တစ်နေ့လျှင် ၂ ကြိမ် ဖြည့်သောယာဉ်များအပါအဝင်) လာရောက်ဖြည့်သွင်းလျက်ရှိပြီး နေ့စဉ်သဘာဝ ဓာတ်ငွေ့ ၂၆ ကုဗပေသန်းခန့် လုံလောက်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။