၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ပြည် တွင်းသုံးစွဲရန်အတွက် လိုအပ်လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့လိုအပ်ချက်များကို တိုးတက် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများကို မအူပင်(တောင်)ဒေသနှင့် စက္ကော့ဒေသများ တွင် ဆောင်ရွက်ခြင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မအူပင်၊ ညောင်တုန်းနှင့် အဖျောက်ရေနံမြေများတွင် ပါးလွှာသဲကြောများအား သုတေသနပြု၍ တိုးချဲ့သေနတ်ဖောက်ခြင်း များကို ဆောင်ရွက်လျက်ရှိပါသည်။
မအူပင်ရေနံမြေတွင် ပါးလွှာသဲကြောများအား တိုးချဲ့သေနတ်ဖောက်ခြင်းကို တွင်းအမှတ် (၁၈)၊ (၂၀)၊(၁၆)နှင့် (၁၄)တို့တွင် ဆောင်ရွက်ခဲ့ရာ ယင်းတွင်းများမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ (၆.၈) ကုဗပေသန်းခန့်ကို ထုတ်ယူရရှိခဲ့ပြီး အဆိုပါသဘာဝဓာတ်ငွေ့များကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်အရောင်းဆိုင်များသို့ ပေးပို့ဖြန့်ဖြူးလျက်ရှိပါသည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် မအူပင်ရေနံမြေ၌ တွင်းအမှတ် (၂၂)ရှိ သဲကြောအား တိုးချဲ့သေနတ်ဖောက်ခဲ့ရာ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ (၁.၄) ကုဗပေသန်းခန့် ထုတ်ယူရရှိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဓာတ်မြေဩဇာစက်ရုံများ၊ အခြားစက်ရုံ အလုပ်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံးမော်တော်ယာဉ်အရောင်းဆိုင်များသို့ တိုးချဲ့ပေးပို့ဖြန့်ဖြူးပေး နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် “ပြည်သူလူထု၏သယံဇာတအား ပြည်သူ့ထံသို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို တိုးချဲ့ရှာဖွေထုတ်လုပ်ပေးနိုင်ရေးနှင့် ပြည်ပမှ စွမ်းအင်သွင်းကုန်များလျော့ချပြီး ပြည်တွင်းစွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ အတွက် ရေတို/ရေရှည်အစီအမံများချမှတ်၍ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန