News

Home News detail

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်

05th Apr 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးကိုကိုလွင် ဦးဆောင်၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

၂၀၂ ခုနှစ်၊ ဧပြီလ ၅ ရက်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍလုံခြုံရေးနှင့် စွမ်းအင်ဖူလုံ ရေး ခိုင်မာစေရန်ရည်ရွယ်၍ စွမ်းအင်ဖူလုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ကျင်းပပြုလုပ်ရာ စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြား၍ ဦးဆောင်ဆွေးနွေး ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေး (Energy Security) သည်အရေးကြီးပါကြောင်း၊ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေး (Energy Security) သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက နိုင်ငံတော်လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက်လည်း များစွာအရေးကြီးပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီး သီးတို့အနေဖြင့် ၎င်းတို့၏စွမ်းအင်အရင်းအမြစ်များကိုအခြေခံကာ စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေး (Energy Security) ကိုခိုင်မာအောင်ဆောင်ရွက်နေကြကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ တော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ပိုမိုတိုးမြှင့်ဖြည့်ဆည်းနိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို တိုးမြှင့်သုံးစွဲနိုင်ရန် စွမ်းအင်အသွင်ကူးပြောင်းရေး (Energy Transition) ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်အသွင်ကူးပြောင်းရေးဆောင်ရွက်ရာတွင် Green Energy အရင်း အမြစ်များကိုပြောင်းလဲသုံးစွဲကြရမည်ဖြစ်သဖြင့် Clean Energy ဟုသတ်မှတ်သည့် သဘာဝဓာတ်ငွေ့ ကို ကြားခံအဆင့်တစ်ခုအဖြစ်မလွှဲမသွေသုံးစွဲသွားရဦးမည်ဖြစ်ပါကြောင်း၊ ရုပ်ကြွင်းလောင်စာများဖြစ် သည့် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့အနက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အနည်းဆုံးမှာ သဘာဝဓာတ်ငွေ့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ၏ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံသုံး၍ စီမံဆောင်ရွက် လျက် ရှိပါကြောင်း၊ အဆိုပါလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်း သဘာဝဓာတ်ငွေ့ တိုးမြှင့် ထုတ်လုပ်ခြင်းနှင့် LNG တင်သွင်းခြင်း စသည်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သဘာဝဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီ နည်းပညာများကိုအသုံးပြု၍ လက်ရှိထုတ်လုပ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ တိုး တက်ထုတ်လုပ်နိုင်ရေး၊ တူးဖော်ခြင်းမပြုရသေးသော ကျောက်လွှာစဉ်စုများမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များထုတ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ အသစ်များကို ကုန်းတွင်းနှင့် ကမ်းလွန် နေရာ ၂ ခုလုံးတွင် ရှာဖွေဖော်ထုတ်ရန် မဖြစ်မနေကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာနိုင်ငံ၏ Energy Mix တွင် အချိုးအစားတစ်ခုပါဝင် အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏စွမ်းအင်လုံခြုံမှုကို အထောက်အကူပြုနိုင်မည့် အခြေအနေဖြစ်ရာ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပထဝီအနေအထားအပြင် တည်ဆောက်ထားပြီးဖြစ်သည့် ပိုက် လိုင်းကွန်ယက်နှင့် အခြေခံအဆောက်အဦများ အထိုက်အလျောက်ရှိပြီးဖြစ်ရာ LNG Trading အတွက်ပါ စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်သဖြင့် လိုအပ်သည့်မူဝါဒများ၊ အခြေခံအဆောက်အဦများ၊ လုပ်ငန်း အစီအမံများ ကြိုတင်ပြင်ဆင်ချမှတ်သွားကြရန်လိုအပ်ကြောင်း ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ပညာရှင်များက ပြည်တွင်းသဘာဝ ဓာတ်ငွေ့လိုအပ်ချက်နှင့်တိုးမြှင့်ဖြန့်ဖြူးပေးမည့်အခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ နိုင်ငံတော် ၏စွမ်းအင်ကဏ္ဍလုံခြုံရေးအတွက် သဘာဝဓာတ်ငွေ့၏ အရေးပါမှုအခြေအနေများကိုလည်းကောင်း LNG ဈေးနှုန်းနှင့် အကျိုးရှိထိရောက်စွာအသုံးပြုနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့၊ CNG LPG တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်မှု၊ သယ်ယူ ပို့ဆောင်မှု၊ မီးဖိုချောင်သုံးကဏ္ဍတို့တွင် အကျိုးရှိထိရောက်မှု၊ သတိပြုရန်အချက်များနှင့်ပတ်သက်၍ လည်းကောင်း၊ CNG LPG တို့ကို မော်တော်ယာဉ်များတွင်အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုး ကျေးဇူးများနှင့်ပတ်သက်၍လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်၊ အနာဂတ် အစီအမံများ၊ အကျိုးရှိစွာအသုံးချနိုင်ရေးတို့နှင့်ပတ်သက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ကဏ္ဍ နှင့်သက်ဆိုင်သော ဥပဒေဆိုင်ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေး ရာဝန်ကြီး ဦးဇော်ဝင်းနှင့် တက်ရောက်လာကြသူများမှ သိရှိလိုသည်များနှင့် ထည့်သွင်းစဉ်းစားသင့် သည့် အချက်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးရာတွင် ပြည်သူများ လူနေ မှုအဆင့်အတန်းမြင့်မားစေရေးအတွက် အရေးကြီးသည့် ရေနံဓာတ်ငွေ့ရည် (LPG) ကို တိုးမြှင့်ထုတ် လုပ်သုံးစွဲနိုင်ရေးစီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဓာတ်ငွေ့လောင်စာသုံး စက်ရုံ၊ အလုပ်ရုံ များအနေဖြင့် သဘာဝဓာတ်ငွေ့ကို အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေး မိမိတို့စက်ပစ္စည်းများကို သေချာစွာမွမ်းမံပြင်ဆင်ထားရန် အရေးကြီးပါကြောင်း၊ LNG ဆိုင်ရာနည်းပညာများနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများပြန့်ပွားစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့သုံးစွဲလိုသူများအနေဖြင့်လည်း သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရေးစာချုပ်ဆိုင်ရာကိစ္စ များနှင့်ပတ်သက်၍နားလည်သဘောပေါက်အောင်လေ့လာထားကြရန်လိုကြောင်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာ အနာဂတ်မြန်မာနိုင်ငံ၏ စွမ်းအင် ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ယခုအလုပ်ရုံဆွေးနွေးပွဲသည် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်မည်ဟုယုံကြည်ပါကြောင်း၊ နည်းပညာနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာန များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာလေ့လာထားရန်လိုအပ်ပြီး နိုင်ငံတော်၏စွမ်းအင်ဖူလုံရေးနှင့် လုံခြုံရေး အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ပါဝင်ဆွေး နွေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများ မှညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများနှင့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Other News