မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

ပင်မစာမျက်နှာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသမိုင်းကြောင်း

နောက်ခံသမိုင်းအကျဉ်း

          ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်သူပိုင်ပြုလုပ်ခဲ့သော ရေနံလုပ်ငန်းများကို ၁၉၆၄ ခုနှစ် မတ်လတွင် “ပြည်သူ့ရေနံလုပ်ငန်း” ဟူ၍လည်းကောင်း၊ ၁၉၇၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့တွင် “မြန်မာ့ရေနံကော်ပိုရေးရှင်း” ဟူ၍လည်းကောင်း ပြောင်းလဲခေါ်ဝေါ်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းမှ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း(Petrochemical Industries Corporation) နှင့် ရေနံ ထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းနှစ်ခုကို သီးခြားခွဲထုတ်၍ ဖွဲ့စည်းခဲ့ပါသည်။ ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်းအမည်အား ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် နေ့မှစ၍ ယနေ့အထိ “မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း” (Myanma Petrochemical Enterprise) အမည်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

လုပ်ငန်းရည်မှန်းချက်

          နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်းရှိ ကုန်းတွင်းနှင့်ကမ်းလွန်တို့မှ ထွက်ရှိ သည့် ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့တို့ကို အသုံးပြု၍ စွမ်းအင်ခြိုးခြံချွေတာရေး နည်းစနစ်များ အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေဘဲ  ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေသြဇာနှင့် ရေနံဓာတ်ငွေ့ရည်တို့အား တိုးမြှင့်ထုတ်လုပ်သွားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါသည်။

လုပ်ငန်းအကြောင်းအရာ

          စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ရေနံနှင့်ရေနံ ထွက်ပစ္စည်းများထုတ်လုပ်သယ်ယူဖြန့်ဖြူးသည့် နိုင်ငံတော်ပိုင်လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရေနံစိမ်း၊ Condensate နှင့် သဘာဝဓာတ်ငွေ့တို့ကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ရေနံချက် စက်ရုံ(၃)ရုံ၊ ဓာတ်မြေသြဇာစက်ရုံ(၅)ရုံ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံရှိပြီး အောက်ပါလုပ်ငန်း များဆောင်ရွက်လျှက်ရှိပါသည်-

(က) ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့အား အသုံးပြု၍ ရေနံထွက်ပစ္စည်းများ၊ ယူရီးယား ဓာတ်မြေသြဇာနှင့် ရေနံဓာတ်ငွေ့ရည်များထုတ်လုပ်ခြင်း၊

(ခ)    ရေနံဓာတ်ငွေ့ရည်၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊  အခြားရေနံ ထွက်ပစ္စည်းများကို ဌာန ဆိုင်ရာများအား လစဉ်စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ဈေးနှုန်းဖြင့် လည်းကောင်း တင်ဒါစနစ်ဖြင့်လည်းကောင်းဖြန့်ဖြူးရောင်းချခြင်း၊

(ဂ)    ယူရီးယားဓာတ်မြေဩဇာများအား နိုင်ငံတော်မှ သတ်မှတ်သည့် ဈေးနှုန်းဖြင့် ရောင်းချခြင်း၊

 

ရေနံချက်စက်ရုံများ

အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)

          အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့အနီးတွင် တည်ရှိပါသည်။ ၎င်းစက်ရုံတွင် ရေနံချက်စက်ရုံ(၃)ရုံ တို့ပါဝင်ပြီး ဆက်စပ်စက်ရုံများအဖြစ် ရေနံမီးသွေးချက်စက်ရုံ (၅,၂၀၀ စည်/နေ့)၊ ဖယောင်းတိုင်စက်ရုံ(၁.၅ တန်/နေ့)၊ ဓာတ်ပျံဆီချက် စက်ရုံ(၅၀,၀၀၀ ဂါလန်/နေ့)၊ စက်ဆီ၊ ချောဆီရောစပ်စက်ရုံ (၂၅,၀၀၀ မက်ထရစ်တန်/နှစ်)၊ ဆီသိုလှောင်ကန်များနှင့် ဆီတင်/ချဆိပ်ခံတံတားတို့ပါဝင်ပါသည်။ ရေနံချက်စက်ရုံ(က)အား ၁၉၅၅ ခုနှစ်တွင် တည်ဆောက်လည်ပတ်ခဲ့ပြီး စက်ရုံတည်ဆောက်မှုကာလ ကြာမြင့်လာသည်နှင့် အမျှ စက်ပစ္စည်းအစိတ်အပိုင်းများယိုယွင်းပျက်စီးမှုများပြားလာပြီး အန္တရာယ်ကင်းရှင်းစွာ လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် ၂၀၀၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပါသည်။ ရေနံဓာတ်ငွေ့ရည် အတင်/ အချဆိပ်ကမ်းနှင့် သိုလှောင်ကန်များကို ၁၉၈၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး သိုလှောင် နိုင်မှုပမာဏမှာ ရေနံဓာတ်ငွေ့ရည် ၅,၅၅၀ မက်ထရစ်တန် ဖြစ်ပါသည်။ ယခင်က ပြည်တွင်း ရေနံစိမ်းနှင့် ပြည်ပမှ တင်ပို့သည့် ရေနံစိမ်းတို့အား အသုံးပြု လည်ပတ်ချက်လုပ်ခဲ့သော်လည်း ၂၀၀၂ ခုနှစ်မှ စတင်၍ ရေနံစိမ်းအစား ရဲတံခွန် Condensate အား ပြောင်းလဲချက်လုပ်ခဲ့ပါသည်။ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှ ဓာတ်ဆီ ၊ ဒီဇယ်ဆီ၊  လေယာဉ်ဆီ၊ ဓာတ်ပျံဆီတို့ကို ထုတ်လုပ်ပါသည်။ လက်ရှိတွင် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သည် စီးပွားရေးတွက် ခြေကိုက်မှုမရှိသဖြင့်  ၄.၃.၂၀၁၇ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပါသည်။ ရေနံချက်စက်ရုံ (ခ) နှင့် ရေနံချက်စက်ရုံ(ဂ)တို့၏ စက်ရုံဆိုင်ရာအချက် အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

       

စဉ်

စက်ရုံ

စက်စွမ်းအား

(စည်/နေ့)

တည်ဆောက်သည့်

ခုနှစ်

တည်ဆောက်သည့်ကုမ္ပဏီ

၁။

ရေနံချက်စက်ရုံ(ခ)

၁၄,၀၀၀

၁၉၆၂

Foster Wheeler Company, England

၂။

ရေနံချက်စက်ရုံ(ဂ)

၆,၀၀၀

၁၉၈၀

Mitsubishi Heavy Industry, Japan

အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)

          အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် တည်ရှိပါသည်။ ၎င်းစက်ရုံအား ၁၉၅၄ ခုနှစ်တွင် Foster Wheeler, England မှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး ရေနံပေါင်း တင်ချက်စက်ရုံနှင့် ဖယောင်းစက်ရုံတို့ပါဝင်ပါသည်။ အမှတ်(၂) ရေနံချက်စက်ရုံ(ချောက်)မှ ဓာတ်ဆီ ၊ ရေနံဆီ၊ ဒီဇယ်ဆီ၊ ဖယောင်း ၊ မီးထိုးဆီနှင့် ဆီပြာတို့ကို ထုတ်လုပ်ပါသည်။ မူလချက်လုပ်နိုင်မှုစက်စွမ်းအားမှာ ၆,၀၀၀စည်/နေ့ဖြစ်ပါသည်။  ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှုအခြေအနေအရ စက်ရုံအား  ၅.၃.၂၀၁၉ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပါသည်။

ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)

          ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းဒေသ ကြီး၊ မင်းလှမြို့နယ် သံပရာကန်ကျေးရွာအနီးတွင်တည်ရှိပါသည်။ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)ကို ၁၉၇၈ ခုနှစ်တွင် Mitsubishi Heavy Industry, Japan ဖြင့် တည်ဆောက် အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ကုန်ထုတ်လုပ်မှုအား စတင်နိုင်ခဲ့ပါသည်။ ရေနံဓာတု ဗေဒစက်ရုံစု(သံပရာကန်)မှ ဓာတ်ဆီ ၊ ဒီဇယ်ဆီ၊ ရေနံဓာတ်ငွေ့ရည်၊ လေယာဉ်ဆီ၊ ရေနံဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးတို့ကို  ထုတ်လုပ်လျက်ရှိပါသည်။ မူလစက်စွမ်းအားမှာ ၂၅,၀၀၀ စည်/နေ့ ဖြစ်ပြီး လက်ရှိလည်ပတ်နိုင်သည့်စက်စွမ်းအားမှာ တစ်ရက်လျှင် ၈,၅၀၀ စည် (ဂါလံ၃၀၀,၀၀၀) ခန့်နှုန်းဖြင့် ပြည်တွင်းရေနံစိမ်းရရှိမှုအပေါ်မူတည်၍ ထိန်းသိမ်းလည်ပတ်ချက်လုပ်လျက်ရှိ ပါသည်။

ဓာတ်မြေသြဇာစက်ရုံများ

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်တွင် ဓာတ်မြေသြဇာစက်ရုံ(၅) ရုံရှိ၍ ယင်းတို့ အနက် အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)တို့သည် ပုံမှန်လည်ပတ်ထုတ်လုပ်လျက်ရှိပါသည်။ စက်ရုံ(၂)ရုံ၏ စုစုပေါင်း ထုတ်လုပ်မှုမှာ တစ်ရက်လျှင် တန် ၆၀၀ ခန့်ဖြစ်ပါသည်။ အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)သည် စက်ပြုပြင်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ဖြင့် ၉.၅.၂၀၂၃ ရက်နေ့မှစ၍ ပြန်လည်လည်ပတ်လျက်ရှိပါသည်။ ကျန်စက်ရုံ (၂) ရုံမှာ  သဘာဝဓာတ်ငွေ့ မရရှိခြင်းတို့ကြောင့် ရပ်ဆိုင်းထားပါသည်။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ဓာတ်မြေသြဇာစက်ရုံ(၅)ရုံ၏ စက်ရုံဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-          

 

 

စဉ်

စက်ရုံအမည်

ထုတ်လုပ်မှု

စတင်သည့်နှစ်

မူလစက်စွမ်းအား

(မက်ထရစ်တန်)

တည်ဆောက်သည့်ကုမ္ပဏီ

 

 

မှတ်ချက်

အမိုးနီးယား

ယူရီးယား           

၁။

စလေ

၁၉၇၀

၁၂၀

၂၀၅

Hitachi Zosen, Japan

၄.၄.၂၀၁၈ ရက်နေ့ တွင် ရပ်ဆိုင်းထား ပါသည်။

၂။

ကျွန်းချောင်း

၁၉၇၁

၁၂၀

၂၀၇

Pintsch Bamag Company, Germany

၁.၈.၂၀၁၅ ရက်နေ့ တွင် ရပ်ဆိုင်းထား ပါသည်။

၃။

ကျော်စွာ

၁၉၈၅

၃၆၀

၆၀၀

UHDE, Germany

၇.၉.၂၀၁၀ ရက်နေ့ တွင် ရပ်ဆိုင်းထား ရာမှ ပြန်လည်လည် ပတ်လျက်ရှိပါသည်။

၄။

မြောင်းတကာ

၂၀၁၀

၃၂၅

၅၀၀

HQCEC, China

လည်ပတ်လျက်ရှိပါသည်။

၅။

ကန်ကြီးထောင့်

၂၀၁၁

၃၂၅

၅၀၀

HQCEC, China

လည်ပတ်လျက်ရှိပါသည်။

 

 

 

ရေနံဓာတ်ငွေ့ရည်စက်ရုံများ

          မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်တွင် ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံရှိပြီး အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သည် ဌာနပိုင်အနေဖြင့် လည်ပတ်ထုတ်လုပ်လျက်ရှိ ပါသည်။ သဘာဝဓာတ်ငွေ့မရရှိမှုကြောင့် ရပ်ဆိုင်းထားသည့် အမှတ်(၃)ရေနံဓာတ်ငွေ့ ရည်စက်ရုံ(ကျွန်းချောင်း)ကို ညောင်တုန်းရေနံ ဓာတ်ငွေ့ရည် စက်ရုံနေရာသို့ပြောင်းရွှေ့တပ်ဆင် ၍ အမှတ်(၂)နှင့် အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ(၂)ရုံနှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (၄) ဆိုင်တို့ကိုငှားရမ်းခြင်း၊ စက်ရုံလည်ပတ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူရောင်းချခြင်းနှင့် အမြတ်ခွဲဝေသော စနစ်ဖြင့် ဆောင်ရွက်ရန် ပြည်တွင်းကုမ္ပဏီဖြစ်သည့် ရတနာစုကုမ္ပဏီဖြင့် ၂၅.၁၀.၂၀၁၇ တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး  လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။ လက်ရှိအခြေအနေတွင်  တစ်နေ့ လျှင် ရေနံဓာတ်ငွေ့ရည် ၃၀ တန်ခန့်နှင့် နက်ဖ်သာ ၁၈ တန်ခန့်အား ထုတ်လုပ်လျှက်ရှိပြီး ပြည်တွင်းလိုအပ်ချက်အတွက် ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ရေနံဓာတ်ငွေ့ရည်စက်ရုံ(၃)ရုံ၏ စက်ရုံဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်

စက်ရုံအမည်

တည်ဆောက်သည့်ခုနှစ်

မူလ

စက်စွမ်းအား

(ကုဗပေသန်း)

တည်ဆောက်သည့်ကုမ္ပဏီ

၁။

အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)

၁၉၈၆

၂၄

Mitsubishi, Heavy Industry, Japan

၂။

အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)

၂၀၀၅

၁၀ ~ ၁၆

CMC Dong Fang International Co., Ltd, China

၃။

အမှတ်(၃)ရေနံဓာတ်ငွေ့ရည်စက်ရုံ (ကျွန်းချောင်း)

၂၀၁၀

၈ ~ ၁၀

CMC Dong Fang International Co., Ltd, China

organization_chart

ကြေညာချက်နှင့်တင်ဒါ သတင်းများ