၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းတွင်း နှင့်ကမ်းလွန်လုပ်ကွက်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲနိုင်ရန် အတွက် နိုင်ငံအတွင်း ပိုက်လိုင်းကွန်ယက်များ တည်ဆောက်၍ ပေးပို့ဖြန့်ဖြူးလျက်ရှိပါသည်။ တည်ဆောက်ခဲ့သည့် ပိုက်လိုင်းများ၏ အမျိုးအစားကြောင့်လည်းကောင်း၊ သက်တမ်းကာလ ကြာမြင့်မှုကြောင့်လည်းကောင်း၊ မတော်တဆ ထိခိုက်မှုများကြောင့်လည်းကောင်း ပေါက်ကွဲခြင်း၊ ကျိုးပြတ်ခြင်း၊ သံချေးစား ယိုစိမ့်ခြင်းများ ဖြစ်ပေါ်တတ်ရာ ပိုက်လိုင်းများ ပြင်ဆင်ခြင်း၊ အစားထိုး ခြင်းများကို ပြုပြင်ထိန်းသိမ်းရေး အစီအမံများချ၍ နှစ်စဉ်ပြုပြင်ထိန်းသိမ်းလျက်ရှိပါသည်။
ရန်ကုန်ဧရိယာအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့အရောင်းဆိုင်များ၊ အစိုးရနှင့်ပုဂ္ဂလိက စက်ရုံအလုပ်ရုံများသို့ သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းများဖြင့် ပေးပို့လျက်ရှိရာ ၁၇.၆.၂၀၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ တောင်ညွန့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် ဆိုင်အမှတ်(၀၂၀) သို့ ဆက်သွယ် ထားသော ၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် သာကေတမြို့နယ်၊ (၁) ရပ်ကွက်၊ ဧရာဝဏ် လမ်းမကြီးအောက်တွင် ယိုစိမ့်မှုဖြစ်ပွားနေကြောင်း သတင်းပေးပို့ချက်များအရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့သည် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဓာတ်ငွေ့ပို့လွှတ်မှုအား (၁၀:၃၀)နာရီအချိန်တွင် ခေတ္တရပ်ဆိုင်းပြီး အစားထိုး လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြုပြင်မှုလုပ်ငန်းများကို ၂၂.၆.၂၀၂၆ ရက် နေ့ထိ ဆောင်ရွက်သွားရမည်ဖြစ်ပါသဖြင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၂၀) ၏ ဓာတ်ငွေ့ရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပါကြောင်းနှင့် အလားတူ ပိုက်လိုင်းယိုစိမ့်မှုများကို တွေ့ရှိရပါက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရွာမသဘာဝ ဓာတ်ငွေ့ထိန်းဖြန့်စခန်းတာဝန်ခံ ဖုန်းနံပါတ် - ၀၉၇၉၅၅၀၃၈၂၈ သို့ ဆက်သွယ်အကြောင်းကြား ပေးနိုင်ပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန