Department of Energy

The Republic of The Union of Myanmar

Menu
suggest_box
Suggest Letter
mail1
Complaint Letter
TC
Technological books
article
Articles
calculator
Calculator

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရှိ ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၁၉ )ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ဝှမ်းပေါ်တွင် တည်ဆောက် ထားသည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် စက်မောင်းနှင်ချိန်နာရီများလာသဖြင့် လိုအပ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အမှတ်(၃)စက်၏ Thrust block နှင့် Turbine runner ပြုပြင်ခြင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးမှ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အမှတ်(၃)စက်အား သတ်မှတ်ချိန်အတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်နှင့် ဓာတ်အားပေးစက်ကြီးများ ကြံ့ခိုင် ကောင်းမွန်စေရေး စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားရန်မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်း အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး စက်ရုံဝန်ထမ်းမိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူအဆောက်အအုံနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ ရဲရမန်းကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင်တည်ရှိပြီး ၁၉၇.၅ မဂ္ဂါဝပ်ထွက်ရှိသော ဖရန်စစ်(ဒေါင်လိုက်) တာဘိုင်အမျိုးအစား စက်(၄)လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၇၉၀ မဂ္ဂါဝပ်ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၃၅၅၀ ကီလိုဝပ်နာရီသန်းပေါင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် စတင်တည်ဆောက်၍ ၂၀၁၀ ခုနှစ်တွင်ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ ရဲရွာ-ဘဲလင်းဓာတ်အားလိုင်း(၂)လိုင်းနှင့် ၂၃၀ ကေဗွီ ရဲရွာ-မိတ္ထီလာဓာတ်အားလိုင်း(၂)လိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိပါသည်။